မဲဆောက်မြို့၏ အစွန်အဖျားရှိ ကျယ်ပြောသော ပန်းခြံမြေအကြားတွင် တည်ရှိသော စင်ထာရာ အစုဝင် မဲဆောက် စင်ထရာ ဟိုတယ်သည် မဲဆောက် လေဆိပ်မှ ကားဖြင့် ၁၀ မိနစ်ခန့်သာ ကြာမြင့်ပြီး ထိုင်း-မြန်မာ ချစ်ကြည်ရေး တံတားမှ ၁၅ မိနစ်ခန့်သာ ကြာမြင့်သည်။ တောင်းဆိုမှုပြုလုပ်ပါကလည်း ဟိုတယ် မှ ကြိုပို့ယဉ်ဖြင့် မဲဆောက်မြို့ နှင့် ရင်းမွေး (Rim Moei) ခေါ် မွေမြစ်ကမ်းနဖူးဈေး နှင့် ထိုင်း-မြန်မာ နယ်စပ် တစ်လျှောက်ရှိ မွေမြစ်ကမ်း အနီးတဝိုက်သို့ လိုက်လံပို့ဆောင်ပေးမည်။
စင်ထာရာ အစုဝင် မဲဆောက် စင်ထရာ ဟိုတယ်သည် ဒေသတွင်း သဘာဝအလှတရားများအား ခံစားရန် ၊ တာ့ခ် ခရိုင်ရှိ တောင်တန်းများ တစ်လျှောက် ခြေလျှင် ခရီးထွက်ရန် နှင့် တောင်တက်ရန် ၊ စူးစမ်းစွန့်စားမှုကိုဦးတည်သည့် လှုပ်ရှားမှုများအား ခံစားရန်အတွက် ခဏတာအခြေစိုက်ရန် အသင့်တော်ဆုံးသော နေရာတစ်ခုဖြစ်သည်။ Um Phang သဘာဝ ဘေးမဲ့တော ၊ Thung Yai Naresuan အမျိုးသားဥယျာဉ် ၊ Huay Kha Kaeng သဘာဝ ဘေးမဲ့တော ၊ Khlong Lan နှင့် Mae Wong အမျိုးသားဥယျာဉ်များသည် ပြန်အလှန်ဆက်နွယ်မှုများ ရှိပြီး ကျယ်ပြောလှသော ယိုယွင်းပျက်စီးမှုမရှိသည့် သဘာဝသစ်တောကြီးတစ်ခုအဖြစ် အတူတကွ တည်ရှိနေကြသည်။
ခရိုင်ဒေသအတွင်း စုံလင်လှသော ယဉ်ကျေးမှုဓလေ့များ အတူတကွ စုပေါင်းတည်ရှိနေခြင်းသည် အလွန်ထူးခြားပြီး ထိုင်းနိုင်ငံရှိ အခြား မည်သည့်ဒေသများနှင့်မျှ မတူညီသော အချက်ဖြစ်သည်။ ကရင် နှင့် မြန်မာ့ ယဉ်ကျေးမှုဓလေ့များ၏ လွှမ်းမိုးမှုများရှိပြီး ခရိုင်ဒေသ၏ အနောက်ဖက် နှင့် မြောက်ဖက်တလျှောက်တွင် မှုံး (Hmong) လူမျိုးများ ၊ လီဆူး လူမျိုးများ ၊ မူဆိုး (Musoe) လူမျိုးများ နှင့် ကရင်လူမျိုးများ အခြေချနေထိုင်လျှက်ရှိသည်။
ဟိုတယ်မှ ကားဖြင့် တစ်နာရီခွဲ အတွင်း ရောက်ရှိနိုင်သော မဲ့အုဆု လိုဏ်ဂူ သည် ထိုင်းနိုင်ငံ၏ အရှည်ဆုံး ဂူတစ်ခုဖြစ်ပြီး ထိုင်း-မြန်မာ နယ်စပ်အနီးတွင် တည်ရှိသည်။ Mae Moei အမျိုးသားဥယျာဉ် တွင် တည်ရှိပြီး အံ့အားသင့်ဖွယ် ကျောက်စက်ပန်းဆွဲများ ကျောက်စက်မိုးမျှော်များ တည်ရှိရာဖြစ်သော ဤလိုဏ်ဂူတွင် အလွန်ကြီးမားသော အခေါင်းပေါက်ပါသည့် ကျောက်တုံးကြီးသည် သဘာဝ ပဒါသ မြင်ကွင်းများကို ခံစားရရှိနိုင်သည့် အနောက်ဖက်အရပ်သို့ဦးလှည့်ကာ တည်ရှိနေသည်။ အံ့သြမှင်သက်ဖွယ် အကောင်းဆုံး သဘာဝ ပဒါသ ကိုခံစားရှုမြင်ရမည့်နေရာမှာ လိုဏ်ဂူ၏ အနက်ဆုံးအပိုင်းတွင်ရှိသော နေရောင်ခြည်များ ဖြာကျနေသော အမိုးပွင့် နေရာဖြစ်သည်။ မိုးရာသီတွင် လိုဏ်ဂူအဝ၏ အပြင်ဖက်တွင် ရှိသော ချောင်းငယ်လေးမှ ရေမျက်နှာပြင် အလွန်မြင့်တက်လာသည့်အတွက် လိုဏ်ဂူအား မိုးရာသီတွင် သွားရောက်လည်ပတ်၍မရပါ။
ဟိုတယ်မှ ကားဖြင့် တစ်နာရီအတွင်း ရောက်ရှိနိုင်သည့် နာမ်းသုက် ဖာ့ကျရင်း (ဖာ့ကျရင်း ရေတံခွန်) အမျိုးသားဥယျာဉ်သည် ထူထပ်၍ မပျက်သုဉ်းသေးသော သစ်တောကြီးများရှိရာ တောင်တန်းများ အကြားတွင် တည်ရှိသည်။ ဤအမျိုးသားဥယျာဉ်သို့ လည်ပတ်ခြင်းများ၏ အဓိကကျသည့်အချက်များတွင် လျိုမြှောင်ချိုင့်ဝှမ်းများကို ဖုံးလွှမ်းနေသောမြူပင်လယ်များ နှင့် ဖာ့ကျရင်းရေတံခွန်အား တောင်ပေါ်မှမိုး၍ ကြည့်ရှုခံစားခြင်းသည် အပါအဝင်ဖြစ်သည်။ အထပ်ပေါင်း ၉၇ ဆင့် ရှိသော ထုံးကျောက်နံရံနှင့် ရေတံခွန်သည် အလွန်ပြီးပြည့်စုံသော နေရာတစ်ခုဖြစ်ပြီး ၊ များပြားလှသော ရေကန်ငယ်များတွင် ရေစိမ်ရန် နှင့် သာယာအေးချမ်းစွာ အနားယူရန်အတွက် အကောင်းဆုံး နေရာတစ်ခုဖြစ်သည်။
ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံကို ချိတ်ဆက်ထားသော ထိုင်း-မြန်မာ ချစ်ကြည်ရေး တံတားသည် ဟိုတယ်မှ ၁၅ မိနစ်ခန့်သာ ကြာမြင့်သည်။ မြဝတီမြို့သည် ခြေလျှင် သို့မဟုတ် ဆိုက်ကားဖြင့် သွားလာကြည့်ရှု၍ရသော မြို့ငယ်လေးတစ်ခုဖြစ်ပြီး ဘုရားများ နှင့် စိတ်ဝင်စားဖွယ်နေရာများသို့ လည်ပတ်နိုင်သည်။ ကြီးမားသော မိချောင်းရုပ်တု၏ ကျောပေါ်တွင် တည်ဆောက်ထားသော မိချောင်းဘုရားသည် ထူးခြားသော မြင်ကွင်းဖြစ်သည်။ မန္တလေးမြို့ရှိ မဟာမုနိစေတီတော်မှ ဗုဒ္ဓဆင်းတုတော်အား ပုံတူပွားထားသော ဆင်းတုတော်အပါအဝင် အခြား ဗုဒ္ဓရုပ်ပွားတော် အမြောက်အမြားရှိသော ရွှေမြင်းဝန် ဘုရားသည် ပိုမိုကြည်ညိုဖွယ်ကောင်း ကောင်းသော ဘုရားဖြစ်သည်။ မြဝတီမြို့တွင် သက်ဝင်လှုပ်ရှားနေသော ဈေးတစ်ခုရှိပြီး အနီးအနားရှိ ကုန်းမြင့်နေရာများသို့ သွားရောက်သည်ပတ်ခြင်းဖြင့် လာရောက်လည်ပတ်သူများအဖို့ မြန်မာနိုင်ငံ၏ ပကတိ သွင်ပြင်အနှစ်သာရကို မြင်တွေ့ခံစားရမည် ဖြစ်သည်။